ဆုတောင်းစာ
သူတို့သောက်နေကြတဲ့မိုးခါးရေဆိုတာ
ငါ့အတွက်တော့ခြေဆေးစရာပဲ
သီလမလုံဘဲ
သိက္ခာထပ်နေသူတွေအတွက်
ထိုက်တန်တဲ့ရလဒ်ဟာ
ဒီလောကရဲ့
အခုစာမျက်နှာထဲမှာကိုရှိနေတယ်
ကိုယ်ကျင့်တရားကိုဝမ်းစာလိုမစားသုံးနိုင်ရင်
သင်..လေးဘက်တွား
သွားရလိမ့်မယ်တဲ့
မုသားကကမ္ဘာပတ်ပေမယ့်
ဖိနပ်စီးနေတဲ့အမှန်တရားရေ
ငါ့ထံပါးမှာနေပါစေ……..
မတွေဝေပါရစေနဲ့
မမိုက်မဲပါရစေနဲ့
အမျက်အဤမရှိ
ချစ်သောမျက်စိသာရလိုကြောင်း
သိင်္ဃသူ့သမီးရဲ့
ဆုတောင်းစာကိုပဲ
Download
ဆွဲလိုက်ပါရစေ။
…………………..ရွေအစစ်
အသည်းကွဲယဉ်ကျေးမှု
အလွမ်းတဲ့လား……………………………
တစ်ခါမှ အကျွမ်းမ၀င်ဖူးတဲ့စကား
ငါ……..မှားသောက်မိတော့
ဘီယာထက်ကို
ပိုမူးတယ်။
မျက်နှာလှလှလေးကိုသာငေးတတ်ပြီး
ရင်ဘက်ကို
မှန်အောင်မဖတ်နိုင်တဲ့ကောင်
သန်းခေါင်ထက်ညဉ့်နက်နေတာ
ဆန်းသလား။
ညရေ………..မပြန်ပါနဲ့လား
ဒီအလွမ်းခါးခါးနဲ့
မကင်းရင်
ငါ……..မိုးမလင်းချင်လို့ပါ။
…………………..ရွေအစစ်
ပုံမှန်ဆောင်း
အေးလိုက်တာ………….
ထွေးပိုက်စရာမရှိသူမို့
စောင်ကိုသာ
ထူထူခြုံ။
နှင်းမှုန်မှုန်
ကြယ်စုံတဲ့ညတွေထဲ
ဒီနှစ်ဆောင်းလဲ……..ပုံမှန်ပါပဲ။ ……………………ရွေအစစ်
သူငယ်ချင်းတွေ
ဆုပ်ကိုင်ထားကြတဲ့လက်တွေကို
ဖြည်
နွေရာသီရဲ့
မုဒ်ဦးဝမှာပဲ
ငါတို့ လမ်းခွဲခဲ့ရတယ်……..
ကျရာဇာတ်ရုပ်မှာပီပြင်ရင်း
အရောင်အဆင်းတွေများလာတဲ့အခါ
ငါတို့………
တစ်ယောက်ကိုတစ်ယောက်
ပျောက်ရှသွားနိုင်တယ်နော်…………..
အတူတွဲခဲ့ဖူးတဲ့လက်တွေ
အနွေးဓာတ်မပျက်
စေနဲ့…………….
အတူလျှောက်ခဲ့တဲ့
ခြေထောက်တွေ
အမောမဖောက်စေနဲ့……………
ရောက်ရာအရပ်က
အမြန်ဆက်သွယ်ပါ
သတင်းစာမှာ
ကြော်ငြာမတွေ့ပေမယ့်
ဒီ ရင်ဘက်ကြီးခင်းမိလို့
မင်းတို့
အငွေ့အသက်တွေရတိုင်း
ငါ………..မျက်ရည်ဝိုင်းနေဆဲပါ။
………………………….ရွေအစစ်
တိမ်စိမ်း
ဟိုး……………..မိုးကတိမ်
ညို့ညို
ရွာတော့မလို………မည်း။
သည်းအံ့ထင်
ရေခံမယ် ကိုယ်ပြင်မှ
လေနှင်ရာ
သူရှောင်တိမ်းတယ်
စိမ်းရက်လေခြင်း။
………………… ရွေအစစ်
မိုး
ကောင်းကင်တခွင်
တိမ်ရိပ်ဆင်
ပြိုမှာလေလား
ညိုရုံလား။
…………….ရွေအစစ်
အလွမ်းသင့်သူ
ဘေးလူအဖြစ်….
တွေးပူရစ်လေ…
စေခဲ့သလား
သခင်….
ရင်ရိပ်ကခွာ…
လေနှင်ရာလင့်………
အလွမ်းသင့်ခဲ့သူပါ……
…………………… ရွေအစစ်
ခြေလှမ်းသစ်
မနေ့ကဖြစ်ပေါ်ခဲ့တဲ့
လေဖိအားနည်းရပ်ဝန်းတစ်ခု
ငါ့ရင်ဘက်ကို
ဗဟိုပြုသွားတယ်။
တစ်စစီ ပြန့်ကြဲသွားတဲ့
ဝေဒနာအပိုင်းအစတွေကြားမှာ
နှလုံးသားက
မိုဒဏ် လေဒဏ်ကို
အလူးအလဲခံလိုက်ရတယ်။
ကူကယ်ရာမဲ့မျှော်လင့်ချက်အောက်
ငါ့အနာဂတ်တွေ
ပျောက်ဆုံးရတော့မလား။
ထွက်သက်ဝင်သက်ကိုပြင်းပြင်းရှူ
အားယူပြန်ထ
ရင်ခုန်သံတွေလှပဖို့
မနက်ဖြန်နဲ့ပြန်စမယ်။ …………………………….ရွေအစစ်
ရာနှုန်းရှစ်ဆယ်
မနေ့ကအထိနေသာခဲ့ပါတယ်
ဒီမနက်မှ
မိုးရိပ်တွေဆင်လာလိုက်တာ
ကောင်းကင်တစ်ခုလုံး
မည်းလို့
မှောင်လို့
ကျွန်တော်……….
အိမ်ခေါင်မိုး
မဖာရသေးဘူး
စပါးတွေမလှန်းရသေးဘူး
ထင်းတွေမသိမ်းရသေးဘူး
အ၀တ်တွေမခြောက်သေးဘူး
အဆိုးဆုံးကတော့
ရေခံစရာ…ဘာတစ်ခုမှမရှိဘူး။
………….. ရွေအစစ်
ပန်းရိုင်း
နာကျင်ခံခက်စေတဲ့
ဆူးထက်ထက်တွေမရှိဘူး………
ပူလောင်ခါးသက်စေတဲ့
အဆိပ်နက်နက်တွေမရှိဘူး….
အဆိပ်မပါ…...ဆူးမကာတဲ့ပန်းကိုမှ
ခပ်ကြမ်းကြမ်း
ချေမွပစ်ခင်ကြတာ
လူ့သဘာဝတဲ့လား…..
သွားစမ်းပါ….
အတ္တတွေ အဆိပ်တက်
ဒေါသဆူးတွေ
ထွက်နေတဲ့
အဲဒီ….လက်တွေအတွက်
ငါ………အရောင်တွေမရင့်ချင်ဘူး…….။
…………ရွေအစစ်
အလင်းစစ်
ရောင်ဝါထွန်းလင်း
ရှင်နေမင်းက
နေ့တွင်အလင်းပေးခဲ့သည်။
လမင်းစန္ဒာ
လင်းရောင်ဝါလည်း
ညမှာအမှောင်ခွင်းခဲ့သည်။
ပညာအရောင်
ဥာဏ်တန်ဆောင်ကား
နေ့ ည မရှောင်
အလင်းဆောင်လျက်
လောကအမှောင်ခွင်းတော့သည်။………………………………….
ရွေအစစ်
အမည်းစက်
ဆန္ဒစေရာ………………………….
စိတ်ပါ…ညွတ်နူး
တိမ်းမူး…….သာယာခဲ့လေပြီ။
အဆိုးအကောင်း
ကျိုးအကြောင်းကို
ပြန်ပြောင်းဆန်းစစ်
မလိုပြီ။
အမှား အမှန်
တရား သဏ္ဍာန်လည်း
ဝေဖန်ခြင်းငှာ မစွမ်းသာပြီ။
သြော်............ပိုးဖလံမျိုး
မီးတိုး သို့နှယ်။
ရာဂစရိုက်
စိတ်အမိုက်ကြောင့်
ယွင်းမှောင့်အကြံ
ဖောက်ပြန်အမှု
သိဥာဏ်ဖြူထဲ
ဆေးစက်အမည်း စွဲခဲ့ပြီ။
.......................ရွေအစစ်
ကုထုံး
မေ့နိုင်မယ်ထင်ရဲ့လို့
ခပ်နဲ့နဲ့ နှလုံးသား
တီးတိုးအားပေးနေရင်း
သတိရခြင်းတွေသာကြီးစိုးလာခဲ့တယ်။
ပြတ်သားခဲ့ပေမယ့်
ပျက်မသွားတဲ့သံယောဇဉ်အပိုင်းအစတွေကို
မာနနဲ့သိမ်းထုပ်
အစိမ်းချုပ် ချုပ်ပစ်လိုက်တယ်။
ရင်နာရင်တောင် ငိုဖို့မတွေး
ရင်ခုန်သံခပ်နွေးနွေးကို
မေ့ဆေးပေးလို့မှ မရခဲ့တာ။
…………….
ရွေအစစ်
ပါးပြင်
ချစ်စဉ်အနမ်း
မုန်းလျှင်ဖြန်း
လွမ်းတော့စွတ်စွတ်စို
ယုံ
အရိပ်တကြည့်ကြည့်မရှိနိုင်ခဲ့ပေမယ့်
အရိပ်ရှိမယ့်နေရာကိုတော့ သိနေချင်တယ်။
တစ်ချုံကွယ် တစ်မယ်မေ့သတဲ့
အတွေးနဲ့ ပူနေမယ့်
သံသယလူတော့ မဟုတ်ဘူးနော်
မီးဝေးချိပ်… မာတတ်ပေမယ့်
ရင်ထဲမှာ အလွမ်းနွေးနွေးနဲ့
မေတ္တာချိပ်ရည်တွေကို
အပူဓာတ်ပေးနေပါတယ်။
ဆုံတာ မဆုံတာတော့
ကံတရားရဲ့အဆုံးအဖြတ်ပေါ့။
ငါ့ဘက်ကတော့ သစ္စာကိုဦးထိပ်ရွက်
မျှော်လင့်ချက်ကိုအရောင်တင်
ခိုလှုံချင်တဲ့ ရင်ခွင်အစစ်မို့
ဒီတစ်သက် ချစ်နေမယ်ဆိုတာ။
…………………….
ရွေအစစ်
စိုးစိတ်
ရင်ထဲ စိုးထိတ်
သူ့အရိပ်ကို
မမြင်လေနိုး
မြင်လေနိုး
ရင်ထဲပူပန်
သူ့အသံကို
မကြားရနိုး
ကြားရနိုး
ရင်ထဲတမ်းတ
ဖွင့်ဟ မေတ္တာ
မလာလိမ့်နိုး
လာလိမ့်နိုး
………………….. ရွေအစစ်
ကိုယ့်ဆန္ဒ
သခင့်မျက်လုံး
ညို့ အပြုံးမှာ
သာယာညွတ်နူး
ရူးခဲ့ဖူးတယ်
သခင်စကား
သာယာကြားစဉ်
နားဝင်အီချို
ရင်ဖိုဖူးတယ်
အသိမကြွယ်
သည်းနုနယ်တွင်
တွယ်ငင်ခိုင်မြစ်
မေတ္တာစစ်မို့
ငယ်ချစ်သခင်
ထားခဲ့လျှင်လည်း
အသည်းပဲ့ကြွေ
လွမ်းရစ်နေမည်……
သခင်ပျော်ရွင်ပါစေတော့………………..။
……………
ရွေအစစ်
ပွင့်တူရွက်တူ
ပွင့်လော
ရွက်လော
အပြောခက်အောင်
ပုံဆောင်တင့်ထူး
သည်ပန်းဖူးကို
ခူးယူပန်မယ်
ရွယ်ဖူးလား။
…………….. ရွေအစစ်
ရဲရင့်နှင်းဆီ
ဟို လောင်းရိပ်မှာ
တိတ်တိတ်လေးပွင့်တဲ့နှင်းဆီ
နီတော့နီပါရဲ့
ဒါပေမယ့်.
မရဲ
နေရောင်ခြည်အောက်
တောက်ပစွာပွင့်တဲ့နှင်းဆီ
နီလည်းနီတယ်
ရဲလည်း ရဲတယ်။
………………….. ရွေအစစ်
အားမာန်
ဘုန်းနှင့်ကံနှင့်
ထီးသုံးနန်းဝင်
ပန်းတို့ဘုရင်
ရွေသဇင်တဲ့
လောင်းရိပ်မခံ
မြေနှင့်ရန်ဘက်
ပင်မြင့်စံပန်း
အံ့မခန်းတဲ့ သဇင့်အလှ
စာဖွဲ့ဂုဏ်တင်ခဲ့ကြလည်း……..
သဇင်ဆိုတာ
တကယ်တော့
သစ်ကပ်နွယ်ပင်ပဲလေ။
ရွေပင် ငွေပင်
ပတ္တမြားပင်ဆင့်
သဇင့်ဘဝ
အားမကျပါဘူး
မြေစာတစ်ပင်ဖြစ်ပါစေ
ကိုယ့်ခြေပေါ်ကိုယ်ရပ်
ကိုယ့်အသက်ကို
ကိုယ်မွေးရင်း
ကိုယ်ပိုင်
အရည်အချင်းနဲ့ ရှင်သန်မယ်။
…………………..
ရွေအစစ်
ကြွေခွင့်
ဝေသမျှ
ကြွေခွင့်ရခဲ့ရင်
နင့်ရင်ခွင်တစ်ခုလုံး
ပန်းတွေနဲ့
ဖုံးလိုက်ချင်ရဲ့။
ပျိုးမိတဲ့
သမုဒယပင်မှာ
ချစ်ပန်းတွေဝေနေခဲ့လည်း
နင်သိမှာမှ
မဟုတ်ပဲ။
ရင်မှာပျံ့မွေး
ချစ်ပန်းလေးတွေ
ဝေသမျှ ကြွေခွင့်မသာ
အခါခါစွေတဲ့
လွမ်းမိုးတွေအောက်
နွမ်းညိုးသွေ့ခြောက်
ရနံ့ပျောက်လု။
………………. ရွေအစစ်
အဖြူရောင်
အဖြူရောင်သံယောဇဉ်လို့
နင်တွင်တွင်ပြောခဲ့လည်း
အဲဒီ အဖြူရောင်ကပဲ
ငါတို့ကိုချည်နှောင်သွားခဲ့တယ်။
အဖြူရောင်သက်သက်ဆိုတဲ့
နင့်ရဲ့ ပေးဆပ်ခြင်းတွေက
ငါ့အတွက်လား
နင့် အတ္တ
အတွက်လား
သေချာပြန်စဉ်းစားပါ။
တကယ်ဆို…………………….
အဖြူရောင်ကို
ငါမလိုချင်တော့ဘူး
ဖြူစင်ခြင်းဟာ
စွန်းထင်းဖို့
အလွယ်ဆုံးဆိုတာ
သုံးသပ်မိလာလို့ပါ။
……………………. ရွေအစစ်
ရင်တွင်းစစ်
နှလုံးသားတံခါးမခေါက်ပဲဝင်ရောက်လာတဲ့ဧည့်သည်
ဘယ်လိုနှင်နှင်ပြန်မထွက်တော့
သိပ်ခက်နေတယ်။
အသိစိတ်ကနှင်ချင်ပေမယ့်
မသိစိတ်က(တိတ်တဆိတ်)
လက်ခံထားချင်နေခဲ့တယ်
ဝုန်းဒိုင်းမကြဲပေမယ့်
ငါ့ရင်ထဲမှာ
စစ်ပွဲတစ်ခုဖြစ်နေခဲ့တယ်
ဘယ်သူအနိုင်ရမှာလဲ
အဖြေမရှာရဲဘူး
သတ္တိနည်းတယ်ပဲဆိုဆို
အရှုံးပေးလိုက်ရမှာကိုပိုကြောက်တယ်
မမုန်းဘူး
ဒါပေမယ့်……
မချစ်ရဲလို့
တိတ်တိတ်လေးပဲ
ကြေကွဲမယ်။…………
ရွေအစစ်
အသံတိတ်
မျက်ဝန်းစကားတွေကို
နားလည်ချင်နေလည်း
မမြင်ယောင်ဆောင်ထားတာပဲကောင်းမယ်။
တစ်ယောက်အကြည့်
တစ်ယောက်သိနေသလို
နှစ်ယောက်လုံးရဲ့
ကံတရားကိုလည်း
ရိပ်စားမိနေကြတာပဲ။
ရင်ခုန်သံ
မှန်ပေမယ့်
ကံတရားက မှားနေတဲ့ဘဝ
ဘယ်သူ့ကိုမှ
အပြစ်တင်လို့မရဘူးလေ။
နီးစပ်ပက်သက်ခွင့်မရ
ဝေးကြရမယ့်အတူတူ
ကိုယ့်အပူကိုယ်မရှာပဲ
အကြည့်တွေလွဲလိုက်ကြရအောင်နော်။
……………………..ရွေအစစ်
သတ္တိ
ရေမှုန်တွေစုဝေး
တဖြည်းဖြည်းအေးလာတဲ့အခါ
မရွာလို့မဖြစ်
ရွာချပစ်ရမှာပျဲ။
လောင်စာတွေစုဝေး
အပူပေးလိုက်တဲ့အခိုက်
မမြိုက်လို့မဖြစ်
လောင်မြိုက်ပစ်ရမှာပဲ။
မရွာမဖြစ်
ရွာချပစ်ရရင်လဲ
သည်းသည်းစွေကျ
မိုးဘ၀ ပီချင်တယ်။
မမြိုက်မဖြစ်
လောင်မြိုက်ပစ်ရရင်လည်း
ရဲရဲတောက်ပ
မီးဘ၀ပီချင်တယ်။
…………….
ရွေအစစ်
မနက်ဖြန်
ကမ်းလင့်တဲ့လက်တစ်စုံထက်
တိမ်းညွတ်သက်ကြွေ
ရှေ့ဆက်ရမယ့်
မနက်ဖြန်တွေထဲ
လက်တွဲလို့လျောက်ချင်ခဲ့။
ဆန္ဒတစ်ခုထက်
ဘ၀အမှုတွေကပိုအရေးပါလာတဲ့အခါ
ဖြစ်ချင်တာထက်
ဖြစ်သင့်တဲ့ဘက်ကိုတွေးခဲ့ရတယ်။
လုပ်ချင်တာထက်
လုပ်သင့်တဲ့ဘက်ကိုတွေးခဲ့ရတယ်။
ဆောင်းဦးလှိုင်ဆိုတဲ့
သီချင်းလေးလို
တကယ်တို့ဝေးရင်
တရက်ပဲငိုမယ်။
ရှေ့ဆက်ရမယ့်လမ်းမှာ
အလွမ်းတွေမပေးလိုက်ချင်ဘူး
ပန်းတွေမွှေးပျံ့စေဖို့ပဲဆုတောင်းပေးမယ်။
ရဲရဲလျှောက်မယ်
တစ်ယောက်တစ်လမ်းပေမယ့်
ပန်းတိုင်ကိုယ်စီတော့ရောက်ရမယ်လေ။
……………
ရွေအစစ်
လူမိုက်
အမှန်နဲ့အမှား
ခွဲခြားသိနေလည်း
မိုးခါးရေသာ
အခါခါသောက်မိ။
အဖြူနဲ့အမည်း
သဲကွဲသိနေလည်း
စိတ်စွဲညစ်ကြေး
မဆေးကြောမိ။
အမှောင်နဲ့အလင်း
ရှင်းရှင်းသိနေလည်း
ထိုးထွင်းဖောက်မြင်
မဆင်ခြင်မိ။
တကယ်တော့ငါ………..
အသိ……… နောက်မှာ
အကျင့်……..
မပါနိုင်သေးသူ
…………………
ရွေအစစ်
သတိ
အဖြူရောင်မျက်နှာပြင်ထက်
ဆေးစက်ကျရာအရုပ်ထင်ခဲ့ရပြီ။
ဆေးရောင်ညီ
မညီ
သဏ္ဍန်ပီ မပီတော့ မသိဘူး
ပန်းချီကားတစ်ချပ်ဆိုတာ
ခံစားချက်တွေကို
ဘောင်ခတ်ထားတာလို့မြင်တယ်။
ကြည်နူးခြင်းလား
ကြေကွဲခြင်းလား
ဝမ်းနည်းခြင်းလား
ပျော်ရွင်ခြင်းလား
နှစ်သက်ခြင်းလား
မုန်းတီးခြင်းလား
နူးညံ့ခြင်းလား
ကြမ်းတမ်းခြင်းလား
အားတက်ခြင်းလား
အားပျက်ခြင်းလား
စုတ်ချက်တွေများနေတဲ့
(အဲဒီ….)
စိတ်ဆိုတဲ့ပန်းချီကားမှာ
ခံစားချက်တွေ
အစွန်းမထွက်အောင်
ဘောင်ခတ်ထားဖို့လိုအပ်လိမ့်မယ်။
…………. ရွေအစစ်
No comments:
Post a Comment